အသက်ကယ်ဆေး

နေကိုပတ်ခဲ့တဲ့ ခေါက်ရေများ၊ နှစ်များလို့ 
ထင်ရတဲ့ခဏတာများ
တစ်ခါတစ်လေလည်း စိတ်လိုလက်ရ၊ စိတ်ချလက်ချ
တစ်ခါတစ်လေလည်း စိတ်မပါလက်မပါ၊ ထိတ်ထိတ်ပြာပြာ
အရှုံးတွေထဲက လူးလဲထရချိန်ဆို
စိတ်နဲ့ သပ်ချလည်း ကွာကျမသွားတဲ့
နောင်တတွေဟာ ကပ်ပြီးပါလာတယ်
သူ့ ကိုယ်သူတော့ အတွေ့ အကြုံဆိုပြီး
မိတ်ဆက်ပေးခဲ့တာပဲ
ခရီးသည်တင်ကားသမားတွေရဲ့လေကို
နားရွက်တွေက ခလုတ်တိုက်တော့
ခေါက်ရေများလေ ကိုယ့်အတွက်ကျန်လေတဲ့
စာအုပ်တစ်ချို့ ကလည်း ထ ထ အော်တယ်
နာရီတွေက ကျော်မတတ်စေနဲ့ 
နာရီတွေက ကျော်မတတ်စေနဲ့ 
ဒီတီးလုံးတွေနဲ့  တစ်ကိုယ်လုံးခါပြီးကလည်း
သွေးတွေက အထူးနွေးမလာဘူး
သွားနေတဲ့အချိန်တွေကို
ဝါးနေတဲ့ကွမ်းယာလို ထွေးထုတ်ပစ်လိုက်ရမလား
ချည်မပါတဲ့အပ်နဲ့ ချုပ်သလို
အပ်ပေါက်ရာတွေသာ များလာခဲ့ရ
ဖြတ်လျှောက်ဆန်ဆန် ပြကွက်တွေ ထပ်ကာ
ထပ်ကာသွားနေသည်
ပါရမီဖြည့်ဘက်ရဲ့နေရာ
ပါရမီဖြည့်ခံရသူရဲ့နေရာ
နှစ်ကိုယ်ခွဲ သရုပ်ဆောင်နေရတဲ့
လက်ဦးဆရာရဲ့ ဟန်တွေပေါ်လာတယ်
အပြောင်းအလဲထဲမှာ ကွက်ရွှေ့ ပုံတွေ
အနှေးပြကွာက်နဲ့ လိုက်ကြည့်ရင်း
စကားလုံးတွေကို လိုက်ရွတ်ရင်း
သရုပ်တူအောင် သဏ္ဌာန်လုပ်ကြည့်ရင်း
သင်္ချိုင်းကိုသွားတဲ့လမ်းက
ကြမ်းကြမ်းနဲ့ အရှည်ကြီး
ခေါင်းဆိုတာလည်း
ဖိနပ်အရှည်ကြီး
ဒီလို မီးတွေလင်းလာတယ်. . .။ ။


သုဏော်စိုင်း



3 comments:

ဝက်ဝံလေး said...
This comment has been removed by a blog administrator.
သုဏော်စိုင်း said...
This comment has been removed by the author.
မိုးခါး said...

တကယ် သဘောကျပါတယ် ..
း) ရေးထားတာ အရမ်းမိုက်တယ် ..
အားပေးနေပါတယ်နော်း))