အမှိုက်ပုံထဲမှ အပျက်အစီးများ

ဘ၀အပူကို
ကိလေသာနဲ့  ယပ်ခပ်ကြသူတွေ

"၀ိတ်တာ၊ခဏ
ကလေးမကို ဈေး အကြီးဆုံးပန်းကုံး
ဆုချလိုက်.."

"အန်တီ့ဘ၀ဟာ
သားနဲ့ တွေ့ မှ..."

တော်သလင်းလကို ကိုက်ချီထားတဲ့ 
ခွေးတွေလို၊ အူကြ..

ပုကွကွ နေ့ တွေကိုလက်ဆွဲပြီးတော့၊
ဆောင်းရာသီကလည်း
အရပ်ထဲ လျှောက်အော်နေတယ်..

"အဲယားကွန်းလေးပိတ်ပေးကြပါရှင်.."

လပြည့်ညကလည်း
မျက်ရည်လည်ရွှဲနဲ့ 
မီးစက်က စော်ကားလိုက်လို့ တဲ့ 

နေ၀င်မှ အလုပ်သိမ်း
ညနက်မှ အိမ်ပြန်
ဘ၀ကို ကိုရီးယားကားထံ
အပ်နှံထားကြသူများ

ရှားပါးမှုတွေ ပေါများနေလို့
ကံစမ်းမဲ ကို ကိုးကွယ်ကြ
ကျေးဇူးတင်ပါတယ်ဆို အော်ဆဲ
အပြုံးမျက်နှာ ရတော့ ငိုချင်းချ
မွန်းတည့်ချိန်ရောက်ပြီလားဆိုတာကို
ဘာထွက်သွားလဲနဲ့ မေးကြ

အာ...
နွားနှစ်ကောင် ဘယ်ရောက်သွားပြန်လဲ
မြေဇာပင်ကလည်း အဲဒီလို

နည်းပညာအသစ်၊ ဆော့ဖ်ဝဲ အသစ်
နောက်ထပ်
နည်းပညာအသစ် ၊ ဆော့ဖ်ဝဲ အသစ်
နောက်ထပ်
***********
***********
***********
နောက်ထပ်
နောက်ထပ်နဲ့ ထပ်ကုန်ကြ..

လှေကား၊လှေကား
ဂမူးရူးထိုးလိုက်ရှာကြ
တွေ့ တော့
အောက်ဆင်းသွားကြပြန်တယ်

လျော့တိလျော့ရဲ အတွေးတွေကို
ခါးပတ်ပတ်ပေးလိုက်ကြတော့
ငြီးငွေ့ မှုတွေဟာ
လေးတိလေးကန်နဲ့ ရောက်လာဦးမှာ
ဝတ်လစ်စလစ် ဦးဏှောက်
စာအုပ်၊စာပေနဲ့ ဖုံးကွယ်
ပြုံးတယ် ဆိုပေမဲ့ လည်း
မဲ့ တဲ့ တဲ့ ...

ကမ္ဘာလည်ပုံက နာရီလက်တံနဲ့ ပြောင်းပြန်
ငါတို့ လျှောက်တော့
စက္ကန့် တံတွေရဲ့  နောက်
အဲဒီလိုနဲ့ 
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီ ထက်
ပိုတိမ်းစောင်းခဲ့ ကြပြီကွယ်တို့ ...။ ။



သုဏော်စိုင်း

ဒါမျိုး ဒါမျိုး

လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်ဦး
လွမ်းလွန်းလို့ ကျခဲ့ရင်တောင်
သူ့ သွေးစက်က အနီရောင်
ငါတို့ ကို အလင်းဆောင်ပေးရမယ်ဆိုတဲ့
အတွေးက ခေါင်းထဲမှာနေလို လင်းလို့ 
လျှပ်စစ်မီးလို ပျက်လိုက်၊ လာလိုက်မဟုတ်ဘူး
ဗူးဝရောက်ရင်တောင် ဦးချလိမ့်မယ်မထင်နဲ့ 
ဖခင်ကြီးရဲ့ မျိုးဆက်သွေးက သူ့ ဆီမှာ
စွေးနေအောင်ရဲတယ်...
လှောင်ချိုင့်ထဲက ငှက်ဟာ
လှောင်ချိုင့်ထဲရောက်လာတဲ့ ကြွက်ကို
သူ့ အစာထဲက မျှပေးတာ
ပေးသူရဲ့ အပြစ်လား
ကြွက်ကိုထည့်တဲ့ကောင်ရဲ့ အပြစ်လား
ပါးကွက်သားတစ်ယောက်ရဲ့ အသိမျိုးနဲ့ 
ဆောင့်ကြောင့်ထိုင်တတ်ရုံနဲ့  ခြင်္သေ့လို့ ထင်နေတာ
ကျွေးတဲ့လက်ကိုပြန်ကိုက်ဖို့ ကြံနေတာ
( ကန်တော့ပါရဲ့ )
ကိုယ့်ဟာကိုယ် နေ့ တိုင်းမြင်နေရသလို
ရိုးနေပြီ..
ဒါတောင်ရှေးလူကြီးတွေက ပြောခဲ့သေးတယ်
ခွေးရှုးကောင်းစားတစ်မွန်းတည့်ပါတဲ့
ဒီမှာဖြင့် မိုးစုန်းစုန်းချုပ်နေပြီ...
ပွဲထဲက လူရွှင်တော်တွေလို
မင်းဝတ်မင်းစားနဲ့ ပလ္လင်ပေါ်ရောက်ကတည်းက
သတ်စေလို့  တရစပ်အော်နေတာဟာဖြင့်
အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်မှာဆိုလား
ဆန်ရင်းနာနာဖွတ်တယ်ဆိုလားပဲ...။ ။


သုဏော်စိုင်း

အရိုးတွန်သံ

ဒီခြံထဲမှာ အပင်ဖြစ်ရတာတောင် ရင်နာမိတယ်။
တကယ်ပါ ..ဒီ့ပြင်ခြံတွေကို သွားချင်လို့  အားကျလို့ ပြောတာမဟုတ်ဘူး။
အပင်ပေါက် ဘ၀တုန်းကတော့ ရေခံမြေခံကောင်းလို့ ဆိုပြီး ဒိခြံမှာသစ်ပင်ဖြစ်ရတာ ဂုဏ်ယူတာပေါ့။
မြေလွှာကိုထိုးခွဲပြီး အပင်ပေါက်ဘ၀ရောက်အောင်ကြိုးစားခဲ့ရ၊ နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ၊ ကျုပ်ဘ၀နဲ့ ကျုပ် ခုခံခဲ့ရတာ။
ခုတော့ဗျာ...ခြံရှင်ပေါ့၊ ခြံစည်းရိုးအသစ်ကာမယ်ဆိုပြီး ကျုပ်ကို ခုတ်ပစ်တယ်လေ။
ခုတ်တာမှ ရက်ရက်စက်စက်ဗျာ နတ်နေကိုင်းကိုပါခုတ်တာ..။
နတ်နေကိုင်းကို မခုတ်သင့်ဘူးဆိုတာ သူမသိတာလည်းမဟုတ်၊ သိသိကြီးနဲ့ ကိုခုတ်တာ..။
ဒါတောင်ရွာထဲက ကာလသားခေါင်း ကိုကုလားကြီး ရောက်လာလို့ ၊ မဟုတ်ရင် ကျုပ်တို့ အမြစ်ပါလန်တယ်။
ခုတော့ကြည့်လေ..ကျုပ်ရဲ့ ကိုင်းဖျားကိုင်းနားတွေလည်း ထင်းဖြစ်လို့ ..၊ကျုပ်ရဲ့ ရွက်နုလေးတွေလည်း အရွယ်မတိုင်ခင် ညိုးလို့ ..
အရိပ်နေနေ ..အခက်ချိုးချိုး လုပ်တဲ့ ထဲမှာ ပုဆိန် ဆိုတဲ့ဟာက ကန့် လန့် ကန့် လန့် ပါနေတာကို ကျုပ် ပိုအသဲနာတယ်...။

သုဏော်စိုင်း

ဆုတောင်းသံများရဲ့ရနံ့ 

အာသီသကိုပြည့်စေဖို့  အာသာငမ်းငမ်းကြိုးစားနေကြတဲ့

သက်တမ်းနှစ်ဆယ်ကျော်ကြာ မျက်လုံးတောက်တောက်များ၊

သွေးစက်ဟောင်းများ၊

အမှန်ဆိုတာကို ကလိထိုးပြီးထွက်လာတဲ့ တောက်ခေါက်သံ ပြက်လုံးရှင်များ၊

တော်လဲသံကို ပြန်တီးပြတဲ့ ရှားရှားပါးပါး တီးဝိုင်းတစ်ချို့ ၊

ဘ၀တွေကို လျှော်ဖွတ်ပေးချင်တဲ့ မှည့်ထစကားလုံးများနဲ့  ရင်ကွဲကလောင်တံတွေနဲ့ 

မုန်တိုင်းကျချိန်ကိုပြန်ဆွဲပြချင်တဲ့စုတ်တံရယ်၊ ဆွမ်းမခံပဲငှက်သင့်ခြင်းတို့ မှတပါး

ဂဏန်းပေါင်းစက်တွေနဲ့ ငွေရေစက်တွေ၊ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးနဲ့  ဘီယာဆိုင် ပန်းကုံးတွေကြားမှာ

C . N . G ပြောင်းထားတဲ့ကားတွေပေါ်မှာနဲ့ မြို့ ပတ်ရထားပေါ်က ကြုံရာဘ၀တွေ၊

ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်ကြားက ဖိုင်တွဲများ၊

စကားပြော ကွန်ပျူတာနဲ့ စာရင်းကိုင်၊ ရှော့ပင်းစင်တာ၊ အလှပြင်ခန်းမ

တစ်ခါတစ်ခါ ဖုန်းနဲ့ ၊တစ်ခါတစ်ခါ Chatting

အိမ်ကွင်းလက်ဘက်ရည်ဆိုင်နဲ့  အဝေးကွင်း ဘီယာဆိုင်

အာရကေပါးတဲ့အခါ အဖြူ ၊ဇေယျဝတီိ၊ အမြည်းဖက်ကြမ်း

စာသင်ခန်းနဲ့ ကျူရှင်ကြားလွန်းထိုးနေတဲ့ လွယ်အိတ်လေးများ

ပုံရိပ်ဟောင်း၊ ဖတ်ပြီးသားစာနဲ့  နားစွန်နားဖျားကြားတာတွေ

အဲဒါတွေနဲ့ ပစ်ပေါက်နေကြတဲ့ စာအုပ်အဟောင်းကြီးတချို

အဲသည်လိုလှုပ်ရှားမှုတွေဟာထိုင်နေကြတယ်

အားလုံးသောလှုပ်ရှားမှုတွေဟာ ထိုင်နေကြတယ်

သုဏော်စိုင်း

ခေါင်မိုးပြင်ကြသူများ





သင်္ချာသင်ခန်းစာမှာ
ဘေ့စ်တူမှ ပါဝါချင်းပေါင်းတယ်တဲ့။
ပါဝါတွေချင်းပေါင်းစပ်ပြီးတော့
တိုးပွားလာတဲ့ အရေအတွက်တွေ၊
ကိန်းတွေ၊ ဂဏန်းတွေ၊
ပြီး။
ကိန်းတွေ၊ ဂဏန်းတွေ၊
အရေအတွက်တွေ တိုးပွားလာတဲ့
ပါဝါတွေ။
ဘေ့စ်ကိန်းတွေက ဒုံရင်း၊
ထူးမခြားနား၊ သူလို ကိုယ်လို။
တကယ်ကိုပါ၊
တကယ်ကြီးကို လက်ဖျားခါတယ်၊
"ဘာပဲပြောပြော ငါနိုင်တယ်"ဆိုတဲ့
စကားလုံးကို ဆယ်စုနှစ်
နှစ်ခါထိုင်ရေးတာတောင်
အကြမ်းပဲရှိသေးတာ။ ။

သုဏော်စိုင်း

အမေစုအတွက်

ကြိုးနဲ့ တုတ်ထားပြီး
အချုပ်ခံရသူမှာ ကြိုးရာ ကျန်လို့ ဆို
ရမယ်ရှာတယ်။

တူတစ်ချောင်းမရှိလည်း
သံတစ်ချောင်းအဖြစ် နေပေးသူပါ။
...ဒီလမ်းတွေပေါက်ဖို့ ...

ကိုယ့်လျှာနဲ့ ကိုယ် ထွန်ရေးငင်နေရတော့လည်း
သီဟတင်စိုးတို့ ရိုက်လေ့ရှိတဲ့ကားတွေ
မငှားကြည့်ဖြစ်တော့ဘူးပေါ့...
မိုးခေါင်လို့ တီးတဲ့ ဗုံသံတွေကြားမှာတော့
သားသမီးတွေကြီးပွားဖို့ 
အမေ မီးစားပြနေတုန်းပဲ...

အနော်မာ+သုဏော်စိုင်း

မြိန်တယ်ဟုတ်





ရက်စွဲများကို စားသောက်ပစ်လိုက်ကြတာများ
ပြောပါတယ်...
မြင်သာမြင်ပြီး မကြည့်တဲ့ မျက်လုံးတွေနဲ့ 
ကြားသာကြားပြီး မစွင့်တဲ့ နားတွေနဲ့ 
ပြောသာပြောပြီး မမေးကြတဲ့ပါးစပ်တွေနဲ့ 
ရနံတွေကိုသာရှုရှိုက်ပြီး ၀င်သက်ထွက်သက်ကို
မေ့နေတဲ့နှာခေါင်းတွေနဲ့ 

အထိအတွေကိုသာသိပြီး
နာကျင်ခံစားဖို့ မေ့နေတဲ့ခန္ဓာနဲ့ 

ရုပ်မြင်သံကြားစက်ထဲက
ကြေငြာတစ်ခုလိုပေါ့

ဂွတ်တယ်ဗျာ...။ ။

သုဏော်စိုင်း

မျက်စိမမှိတ်မှီ အတွေးများ




ရေလိုက်ငါးလိုက်..ကြီးပြင်းလာတဲ့ ဒီဘဝ
အထီးကျန်ခြင်းနဲ့  တကိုယ်ရေဖြစ်ခြင်း
ရောထွေးယှက်တင် နေတယ်ပေါ့...။
ပြောပြမှသိမယ်ဆိုလည်း
ထပ်မမေးပါနဲ့ ...
ငါ နှစ်ခါမပြောချင်ဘူး...

လူငယ်တစ်ယောက်ရဲ့  အနာဂတ်တွေကတော့

လင်းတစ်ခါ မှောင်တလှည့်နဲ့ 

ရင်ဘတ်ကြီးထဲမှာတော့...
မျှော်လင့်ချက်တွေ အပြည့်နဲ့ ပေါ့။

ဖြစ်နိုင်တာတွေ၊မဖြစ်နိုင်တာတွေ

အတ္တတွေ၊ပရတွေ

ဒီလိုပါပဲ...
မသေခင်ရှင်နေစဉ် စပ်ကြား
ရုန်းကန် လှုပ်ရှားရအုံးမှာပဲ

အခုတော့

အတိုးပေးရတဲ့  အကြွေးလိုမျိုး

ငါ့အသက်က တစ်ရက်ထပ်တိုးပြန်ပြီ...။


သုဏော်စိုင်း
၂၀၀၇ ခံစားမှုရှင်းတမ်းကဗျာစာအုပ်မှ

အဖွင့်



တစ်စုံတစ်ယောက်ရဲ့အမိန့် ကို
နာခံနေရသလို၊ သတိဆွဲထားရသလို
ဖြစ်နေတဲ့ဆိတ်ငြိမ်ခြင်းကို
ကားဘီးပွတ်သံက ကြိတ်ဝါးလိုက်တယ်၊
ဝေသီမှုန်ဝါးပျောက်ကွယ်တော့မဲ့ အမှောင်နဲ့ 
ကြေးစည်သံတစ်ချက်နောက်မှာ
ခြေသံရှပ်ရှပ်နဲ့  ဖန်ရည်ဆိုးများရွေ့ လျားလာကြ။
မကြားရတာကြာပြီဖြစ်တဲ့
အုန်းမောင်းခေါက်သံ "တောက်။ တောက်"
ခုလည်းပျောက်နေတုန်း
အလင်းနဲ့ အပူကိုပေးမဲ့သူဟာလည်း
အင်္ကျီအသစ်နဲ့ 
ငှက်တွေဟာလည်း သီချင်းအသစ်ကို ထိုးဆိတ်လို့ 
ပန်းတွေကလည်း သူတို့ ရင်ကို အစွမ်းကုန်ဇွင့်ပြီး
ရနံ့ တွေကို ခါထုတ်လိုက်လေရဲ့ 
လက်ဝယ်ပိုင်ပိုင်ရလာတော့မဲ့
အနာဂတ်
မင်္ဂလာပါလို့ နှုတ်ခွန်းမဆက်ခင်
ဆွမ်း၊ ဆီမီး၊ ရေကြည်တော်တွေနဲ့ 
ဖဲကြိုးဖြတ်တယ်။ ။

သုဏော်စိုင်း

ခေါင်မိုးမလုံလို့ ကျတဲ့ရေ




တိမ်တို့ ရဲ့စားကျက်မှာ
မီးပန်းခက်နွယ်တွေ ဆင်မြန်းထားပြီး
အိမ်ကြိုအိမ်ကြားအနှံ့  တိုက်တဲ့လေက အနီရောင်
မိုးကြိုးစွယ်တွေ လက်ခနဲပေါ်လေတဲ့
အပြုံးနဲ့ 
သစ်ပင်အိုတို့ ရဲ့ ကတုန်ကယင်ယိမ်းနွဲ့ မှု
သွေးပျက်ကြောက်ရွံ့ မှုပါပြီး
သက်ရင့်ရွယ်အိုတို့ ရဲ့ မကြုံစဖူး
အံ့သြမှု ဒီနှစ်ခုကြားမှာ
ညီမျှခြင်းတစ်ခုရှိသည်။
အတောင်မစုံသေးသူတို့ ရဲ့ အသိုက်ထဲမှ
ငိုညည်းသံများ
ရင်ခွင်ပိုက်ထားတဲ့ ကလေးတို့ အဖေကို
မျှော်နေတဲ့ မျက်လုံးတွေဟာ
မျက်ရည်စတွေ တ၀က်၊တစက်
"ဒီမိုး၊ဒီလေနဲ့ ဆို အိမ်ပြန်လာဖို့ ကောင်းလှပြီ အစ်ကိုရယ်..."
အက်စစ်မိုးရည်စက်ပြောက်ကြားမှာ
သစ်ကိုင်းကျိုးသံနဲ့ သစ်ပင်ပြိုသံပါတယ်...
တိရစ္ဆာန်အော်သံနဲ့ လူခေါ်သံပါတယ်...
အိမ်ပြိုသံနဲ့  လှိုင်းရိုက်သံပါတယ်...
အလဲအပြို၊အပျက်အစီးနဲ့ အတိမ်းအမှောက်တွေထဲ
ပြေးရင်းလွှားရင်းနဲ့ ဖေးမ
ဖေးရင်းမရင်းနဲ့ ပြေးလွှား
မပြေးလွှားနိုင်တော့ဘဲ ဖေးမ
မဖေးမနိုင်တော့ဘဲ ပြေးလွှား
အပြေးအလွှားပါပဲ ထွက်သွားပါပြီ။
သက်ရင့်သစ်ပင်တွေရော
သက်နုသစ်ပင်တွေပါ ကြိတ်ဝါးပြီး
ထွက်သွားပါပြီ။
အိမ်တွေ၊အသိုက်တွေ
ကျောင်း၊ ကန်၊ ဇရပ်တွေကို
ချိုးခြေပြီး ထွက်သွားပါပြီ။
တိရစ္ဆာန်တွေကို ဗိုက်ပူနံကား
တုံးလုံးပက်လက် သဏ္ဍာန်အမျိုးမျိုးနဲ့ 
အသက်ဓာတ်နှုတ်ပြီး ထွက်သွားပါပြီ။
တံငါသည်ယောင်္ကျားရဲ့ အလောင်းပြန်ရနိုင်ကောင်းပါရဲ့
ဆိုတဲ့မျှော်လင့်ချက်နဲ့  အိမ်သူသက်ထားရဲ့
အလောင်းကိုထားခဲ့ပြီး ထွက်သွားပါပြီ။
မတ်တပ်မရပ်နိုင်သေးတဲ့ခလေးကို
သစ်ပင်ဂွကြား အလောင်းအဖြစ်နဲ့ ထားပြီး
ထွက်သွားပါပြီ။
လယ်မြေတွေကို ပင်လယ်ရေတိုက်ပြီး
ထွက်သွားပါပြီ။
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
အမြစ်ပါလှန်ပြီး ထွက်သွားပါပြီ။
မိသားစုဆိုတဲ့ အသိုက်အမြုံကို
သေကွဲရော ရှင်ကွဲပါ ခွဲပြီး ထွက်သွားပါပြီ။
အသက်နဲ့ ခန္ဓာတွဲလျက်ရှိသူတွေအတွက်
ငိုချင်းရှည်တစ်ပုဒ်ကို နှုတ်တိုက်ချပေးပြီး
ထွက်သွားပါပြီ။
မထင်မှတ်တဲ့ထောင့်ချိုးမှာ
လိမ္မော်သီးထဲက သွေးထွက်ပြီးနောက်
သူ ရောက်လာပြီး
ထွက်သွားပါပြီ။ ။


သုဏော်စိုင်း (၂/၃၊၅၊၂၀၀၉) နာဂစ်မုန်တိုင်း ၁နှစ်ပြည့်အတွက် မှတ်မှတ်ရရ...