မလွမ်းဘဲနဲ့ 



မလွမ်းဘဲနဲ့  နေမထွက်ဘူး
မလွမ်းဘဲနဲ့  နိုးမထဘူး
မလွမ်းဘဲနဲ့  သွားမတိုက်ဘူး(တကယ်)
မလွမ်းဘဲနဲ့  မနက်စာမစားဘူး
မလွမ်းဘဲနဲ့  အလုပ်မသွားဘူး
မလွမ်းဘဲနဲ့  လက်ဘက်ရည်ဆိုင်မထိုင်ဘူး
မလွမ်းဘဲနဲ့  ဆေးလိပ်တိုတွေများမလာဘူး
မလွမ်းဘဲနဲ့  ဆေးလိပ်ဖြတ်ဖို့ မစဉ်းစားမိဘူး
မလွမ်းဘဲနဲ့  ခေါက်တုံခေါက်ပြန် ငါမလျှောက်ဘူး
မလွမ်းဘဲနဲ့  ထိုင်မငေးဘူး
မလွမ်းဘဲနဲ့  အတွေးတွေတိမ်မဖွဲ့ ဘူး
မလွမ်းဘဲနဲ့  တိမ်မတောက်ဘူး
မလွမ်းဘဲနဲ့  အိမ်ပြန်မရောက်ဘူး
မလွမ်းဘဲနဲ့  မိုးမချုပ်ဘူး
မလွမ်းဘဲနဲ့  ကြိုးမရှုပ်ဘူး
မလွမ်းဘဲနဲ့  ဖုံးမခေါ်ဘူး
မလွမ်းဘဲနဲ့  ခေါင်းမခါဘူး
မလွမ်းဘဲနဲ့  အိပ်ယာမ၀င်ဘူး
မလွမ်းဘဲနဲ့  လိပ်ပြာမရွှင်ဘူး
မလွမ်းဘဲနဲ့  ရေးလို့ မဖြစ်တဲ့ ဒီကဗျာ
မလွမ်းဘဲနဲ့  ခင်ဗျားဖတ်မိမှာ မဟုတ်ဘူး



သုဏော်စိုင်း

အဖြစ်ချင်ဆုံးဆန္ဒ






သိုင်းလောကမှာ လမ်းကိုပဲမေးကြတယ်
ခံစားချက်ကို မတွေးကြဘူး
မေးခွန်းက ရိုးရှင်းလွန်းတော့လည်း
အံ့သြရမှုမှာ အဆန်းတကြယ်
ဒါ့ကြောင့်မို့ ငါဟာ အဇာတသတ်ဖြစ်ခဲ့ရ
ဒါ့ကြောင့်မို့  ငါဟာ
သူခိုးကို သမက်ထင်တဲ့ ဖခင်လို
ငါ့ကဗျာလေး ငါးပါးမှောက်ခဲ့ရ
တဲထိုးတာအစ
တိုက်ဆောက်တာအလည်
တိုင်းပြည်တည်တာအဆုံး
ကိုယ့်အရိပ်နဲ့ ကိုယ် အုံးအုံးကျွက်ကျွက်ဖြစ်စေချင်တာပဲ
ဖလားမရလဲ ဥရောပ၀င်ခွင့်တစ်နေရာလောက်
ဆိုပေမဲ့
သုဏော်စိုင်းဆိုတဲ့နာမည်မှာ
တိုင်းချုပ်ထားသလို ချပ်ချပ်ရပ်ရပ် ရှိလွန်းတာကြောင့်
နတ်ဝင်သည်တွေပြောသလို
အရှင်ကြီးခြုံမှ လုံပါတယ်...။


သုဏော်စိုင်း

အသက်ကယ်ဆေး

နေကိုပတ်ခဲ့တဲ့ ခေါက်ရေများ၊ နှစ်များလို့ 
ထင်ရတဲ့ခဏတာများ
တစ်ခါတစ်လေလည်း စိတ်လိုလက်ရ၊ စိတ်ချလက်ချ
တစ်ခါတစ်လေလည်း စိတ်မပါလက်မပါ၊ ထိတ်ထိတ်ပြာပြာ
အရှုံးတွေထဲက လူးလဲထရချိန်ဆို
စိတ်နဲ့ သပ်ချလည်း ကွာကျမသွားတဲ့
နောင်တတွေဟာ ကပ်ပြီးပါလာတယ်
သူ့ ကိုယ်သူတော့ အတွေ့ အကြုံဆိုပြီး
မိတ်ဆက်ပေးခဲ့တာပဲ
ခရီးသည်တင်ကားသမားတွေရဲ့လေကို
နားရွက်တွေက ခလုတ်တိုက်တော့
ခေါက်ရေများလေ ကိုယ့်အတွက်ကျန်လေတဲ့
စာအုပ်တစ်ချို့ ကလည်း ထ ထ အော်တယ်
နာရီတွေက ကျော်မတတ်စေနဲ့ 
နာရီတွေက ကျော်မတတ်စေနဲ့ 
ဒီတီးလုံးတွေနဲ့  တစ်ကိုယ်လုံးခါပြီးကလည်း
သွေးတွေက အထူးနွေးမလာဘူး
သွားနေတဲ့အချိန်တွေကို
ဝါးနေတဲ့ကွမ်းယာလို ထွေးထုတ်ပစ်လိုက်ရမလား
ချည်မပါတဲ့အပ်နဲ့ ချုပ်သလို
အပ်ပေါက်ရာတွေသာ များလာခဲ့ရ
ဖြတ်လျှောက်ဆန်ဆန် ပြကွက်တွေ ထပ်ကာ
ထပ်ကာသွားနေသည်
ပါရမီဖြည့်ဘက်ရဲ့နေရာ
ပါရမီဖြည့်ခံရသူရဲ့နေရာ
နှစ်ကိုယ်ခွဲ သရုပ်ဆောင်နေရတဲ့
လက်ဦးဆရာရဲ့ ဟန်တွေပေါ်လာတယ်
အပြောင်းအလဲထဲမှာ ကွက်ရွှေ့ ပုံတွေ
အနှေးပြကွာက်နဲ့ လိုက်ကြည့်ရင်း
စကားလုံးတွေကို လိုက်ရွတ်ရင်း
သရုပ်တူအောင် သဏ္ဌာန်လုပ်ကြည့်ရင်း
သင်္ချိုင်းကိုသွားတဲ့လမ်းက
ကြမ်းကြမ်းနဲ့ အရှည်ကြီး
ခေါင်းဆိုတာလည်း
ဖိနပ်အရှည်ကြီး
ဒီလို မီးတွေလင်းလာတယ်. . .။ ။


သုဏော်စိုင်း



မီးခိုးအူသံ

အရိပ်စစ်ရဲ့  အရိပ်အယောင်တွေ

တိတ်ဆိတ်ညမှာ လ လို လင်းနေတယ်

မြုံနေတဲ့ အသေတွေနဲ့ 

ဖွားလာမဲ့အရှင်တွေ

သေဆုံးချိန်တောင်မသိရ

ဈာပန ကို ဖြတ်သန်းကြ

တဖန် မွေးဖွားခဲ့ကြရတာတွေ

ခြေရာ လက်ရာတွေလွင့်ပါး

အဆိပ်များစွာ သောက်မျိုကြရဲ့ 

မိုက်ကန်းမိတာတွေ

ခြေရင်းမှာပုံ ကျလောက်အောင်

တအိအိ ကြွေကျ

နာရီများရဲ့  နောင်တတွေ

ဦးတည်ရာကိုသွားရမလား

ပဲ့ကိုင်သူနောက်လိုက်ရမလား

လှေတစ်စင်းရဲ့ တွေဝေမှုတွေ

ကြေကွဲမှုဟာ ခပ်ဝေးဝေးမှာ

အသုဘ ကြေးစည်သံလို လွင့်လို့ 

ချလိုက်တဲ့ သက်ပြင်းကတောင်

ယောင်တောင်တောင်နဲ့ 

ခေါင်းကုတ်ပြီးထွက်သွားတယ်

သမင်လည်ပြန်လှည့်ကြည့်ရင်း

ထင်ကျန်နေတဲ့ စွတ်ကြောင်း

" ဂ "ငယ်ကွေ့ ဖို့  မဖြစ်နိုင်

သံသယတောတိုးမယ့် ဆင်ကန်း

ခြေတစ်လှမ်း ထပ်လှမ်းလိုက်မယ်

မိုက်လှတဲ့ ဒီအကောင်

အမှောင်မှာ

သက်ပြင်းချစေ...။


သုဏော်စိုင်း

အနမ်း

အ၀ိဇ္ဇာပေမဲ့ မဟားဒရားလှတော့
ပုထုဇဉ်ပီပီ မှားကြတယ်...

တစ်ဦးတစ်ယောက်ဟာ ရှက်ြ့ပီးပြုံးနေသလား
တစ်ဦးတစ်ယောက်ဟာ ပြုံးရင်းရှက်နေသလား

တွေ့ ကြဆုံကြရင် ပင်လယ်ရေဖြစ်ပြီး
ဝေးကြကွာကြရင် ဖောင်စီးရင်းရေငတ်ကြတဲ့အဖြစ်

မြှားတစ်စင်းပစ်လိုက်သလို
သီချင်းတစ်ပုဒ်ဟစ်လိုက်သလို
လေထဲကနေ kiss လိုက်တယ်..
လမ်းမကောင်းဘူးပြောကြတဲ့အချစ်စစ်
မင်းနှုတ်ဖျားမှာ စွဲထင်ရစ်စေ...။ ။

သုဏော်စိုင်း

ဇာတ်မျော

ဇာတ်လမ်းက မျက်ရည်ကျသင့်တာမှန်ပေမဲ့
မျက်ရည်ကျရမှာ မဟုတ်ဘူး...
မီးဝင်းဝင်းတောက်အောင် တောက်ခေါက်ရမှာ...
(ခွေးများသည် တောက်ခေါက်သံကို ကြောက်လေ့ရှိသည်။)
၂၀၀၂ ခုနှစ် ကမ္ဘာ့ ဖလားတုန်းက
ဒေးဗစ်ဘက်ခမ် ဒဏ်ရာရနေတော့
ဂျပန်ပြည်သူတွေဟာ
စက္ကူကြိုးကြာငှက်ရုပ်တွေနဲ့ ဆုတောင်းခဲ့ကြသတဲ့
ချစ်တတ်လွန်းသူတွေဟာ တရားခွင်ကိုသွားပြီး
ချစ်ကြောင်းပြနေ..
" ဗေထိ " ဆို ကချင်လိုက်တာလည်းလွန်ပါရော
သူ့ လမ်းကို
ဖိနပ်မပါပဲ လျှောက်ဖို့ ကြ
ငတ်လာတဲ့လျှာကို ထောက်လို့ ပြတယ်..
ဇာဂနာ၊ နေဘုန်းလတ်၊ သီးလေးသီး၊
စောဝေ၊ >>>>>>>>>>>>>
<<<<<<<<<<<<>>>>>>>>>
အစရှိသဖြင့်
ငထွားတွေပဲ ခါးနာကြလေတော့
ဒီလို
တကယ့်အဖြစ်အပျက်ထက်နာတဲ့
ဇာတ်ရယ်လို့  မရှိပြန်ဘူး။ ။

သုဏော်စိုင်း

တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်




အဝေးကကြည့်ရင်
လှယဉ်ကျေးမယ်လေးနဲ့ တူတဲ့အိမ်ကိုပိုင်တာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

စောင်းတန်းတစ်ခုလို
ဘုရားရုပ်တုတွေ အများကြီးပိုင်တာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

တစ်ရွာလုံးမှာဘယ်နေရာတူးတူး
ရေကြည်ထွက်တဲ့ အိမ်ကိုပိုင်တာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

တစ်ရွာလုံးမှာ ဘာပင်စိုက်စိုက်
စိုက်တိုင်းပေါက်တဲ့ခြံကိုပိုင်တာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

စစ်တွင်းလက်ကျန် အမြှောက်ဆံကို
ဘုရားစင်မှာပန်းအိုးထိုးတာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

မျက်လှည့်ပြသလိုအလုပ်နဲ့ 
ငါ့စကားနွားရပြောတာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

ထွက်သမျှကို အကုန်ရောင်း
သူရင်းငှားကို ဗိုက်ဟောင်းလောင်းထားတာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

မိဘဆရာအသင်းဝင်ထားပြီး
သူ့ ကလေးကြတော့ လေးတန်းထိပဲထားတာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

မီးစက်တွေပိုင်ရဲ့ သားနဲ့ 
ဖယောင်းတိုင်မီးနဲ့  ညနက်ခိုင်းတာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

ဘုရားစင်ကလိမ္မော်သီးကို
အိမ်ဖေါ်ခေါင်းပေါ်တင်ပြီး မြှားနဲ့ ပစ်တာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

အရေးအကြောင်းရှိရင်
ခေါင်းရင်းအိမ်နဲ့ အမြဲတိုင်ပင်တာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

သံလွင်ခတ်ကိုက်လာတဲ့ ချိုးဖြူငှက်ကို
အတောင်ချိုးပြီး လှောင်ချိုင့်ထဲထားတာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်

အမှတ်တမဲ့ကြည့်ရင် ပုလဲနက်လိုနဲ့ 
အသက်ရှိစဉ် ငရဲမီးစိုနေတာ
တစ်ရွာလုံးမှာတစ်ယောက်ပဲရှိတယ်


သုဏော်စိုင်း

မြို့ ပြ၏၀ါးမျိုမှု







သစ်ကိုင်းပေါ်နားနေတဲ့ ငှက်တို့ ရဲ့တောင်ပံခတ်သံက
ပန်းတို့ ရဲ့ပွင့်ဖတ်ကိုလှစ်ခွာလိုက်ပြီး
ပွင့်အာသွားတဲ့ ၀တ်လွှာတွေကြားမှာ
နေရောင်ခြည်အတောင့်လိုက်ထိုးလို့ 
ဝတ်မှုန်တွေ လေစီးကြောင်းအတိုင်းမျောပါကြ
ငှက်တို့ ကို မြူဆွယ်ကြ
ရနံ့ တို့ ရဲ့ဖျားယောင်းမှုမှာ ငှက်တွေ
သစ်ကိုင်းပေါ် နားကြ...
သစ်ကိုင်းပေါ်နားနေတဲ့ ငှက်တို့ ရဲ့တောင်ပံခတ်သံက
ပန်းတို့ ရဲ့ပွင့်ဖတ်ကိုလှစ်ခွာလိုက်ပြီး
ပွင့်အာသွားတဲ့ ၀တ်လွှာတွေကြားမှာ
နေရောင်ခြည်အတောင့်လိုက်ထိုးလို့ 
ဝတ်မှုန်တွေ လေစီးကြောင်းအတိုင်းမျောပါကြ
ငှက်တို့ ကို မြူဆွယ်ကြ
ရနံ့ တို့ ရဲ့ဖျားယောင်းမှုမှာ ငှက်တွေ
သစ်ကိုင်းပေါ် နားကြ...

သစ်ကိုင်းပေါ်နားနေတဲ့ ငှက်တို့ ရဲ့တောင်ပံခတ်သံက
ပန်းတို့ ရဲ့ပွင့်ဖတ်ကိုလှစ်ခွာလိုက်ပြီး
ပွင့်အာသွားတဲ့ ၀တ်လွှာတွေကြားမှာ
နေရောင်ခြည်အတောင့်လိုက်ထိုးလို့ 
ဝတ်မှုန်တွေ လေစီးကြောင်းအတိုင်းမျောပါကြ
ငှက်တို့ ကို မြူဆွယ်ကြ
ရနံ့ တို့ ရဲ့ဖျားယောင်းမှုမှာ ငှက်တွေ
သစ်ကိုင်းပေါ် နားကြ...

သစ်ကိုင်းပေါ်နားနေတဲ့ ငှက်တို့ ရဲ့တောင်ပံခတ်သံက
ပန်းတို့ ရဲ့ပွင့်ဖတ်ကိုလှစ်ခွာလိုက်ပြီး
ပွင့်အာသွားတဲ့ ၀တ်လွှာတွေကြားမှာ
နေရောင်ခြည်အတောင့်လိုက်ထိုးလို့ 
ဝတ်မှုန်တွေ လေစီးကြောင်းအတိုင်းမျောပါကြ
ငှက်တို့ ကို မြူဆွယ်ကြ
ရနံ့ တို့ ရဲ့ဖျားယောင်းမှုမှာ ငှက်တွေ
သစ်ကိုင်းပေါ် နားကြ...
***************
**********
**** *****
********
*** ********
******
******** **
**** **
..............
..........
.........
........
...........
......
..........
.....



သုဏော်စိုင်း