ရန်ကုန်
ကျွန်တော်ရောက်ရှိနေတဲ့အရပ်က
မြို့ တော်က သူ့ ကို စွန့် ခွာသွားတဲ့
နေရာပေါ့...။
ငယ်နာမည် 'ဒဂုံ' ဆိုတဲ့ နေရာလေးဟာ
မိုးကုန်ရင် မီးကုန်တဲ့အထာနဲ့ 
မီးစက်သံလို ရွတ်တတ်တဲ့
Rapping တွေနဲ့ 
တခွေထုတ်ဆေးထိုးအပ်တစ်ချို့ လည်းရှိရဲ့
ကလေးမတွေလည်း
ဖြောင့်ချည်တစ်ခါ ၊ တွန့် ချည်တစ်လှည့်
ကြေငြာလို ဖော်ကာပြတဲ့
ကြေငြာကြောင့်
ဒူးပေါ် ပေါင်ပေါ် မနေနဲ့ ဆိုတဲ့ ဆုံးမစကားရဲ့
ခေါင်းချရာ အရပ်ပေါ့။
ညကပွဲ ဘယ်လိုလဲ
ဒါမှ မဟုတ်လည်း
ဒီမနက် ဘာကောင်းလဲ
ဒါဆို လက်ဘက်ရည်ဆိုင်တွေ ဖွင့်လို့ ရပြီ
အလုံးလေးတွေ အကြောင်းကို
တနေကုန်ဆွေးနွေး
သန်းတွေလို ရွစိပွတတ်နေတဲ့
C.N.G ဘတ်စ်တွေနဲ့ 
သွေးလွတ်ကြောတွေ၊ သွေးပြန်ကြောတွေလို
ကတ္တရာလမ်းတွေ
ဖိုထဲက ထွက်လာတဲ့နံပြားလို
တိုက်ကြီးတာကြီးတွေ
တိုက်ကြီးတာကြီးတွေနဲ့ အတူ
အရောင်းခန်းမတွေ၊ ပလာဇာတွေ
အရောင်းခန်းမတွေ၊ ပလာဇာတွေနဲ့ အတူ
လူသွားပလက်ဖောင်းပေါ်က
လူသုံးကုန် အရောင်းဆိုင်လေးတွေ
လူသုံးကုန် အရောင်းဆိုင်လေးတွေနဲ့ အတူ
လူလုံးကို ပြရောင်းတာလေးတွေ
လူလုံးကို ပြရောင်းတာလေးတွေနဲ့ အတူ
သီချင်းလည်းဆိုပြ၊ နမ်းလို့ လည်းရတဲ့ နေရာတွေ
နမ်းလို့ ပျက်သွားတဲ့ နှုတ်ခမ်းနီဖိုး
ပန်းကုံးတွေ
ပန်းကုံးတွေ စွပ်ဖို့  ရဲဆေးတင်လို့ ရတဲ့
ဘီယာဆိုင်တွေ
ဘီယာဗိုက်ကို ခလုတ်တိုက်တော့
ဖုံးတွေ၊ ကားတွေ ကောက်ရတယ်ဆိုတဲ့
သူများအလုပ်ပြန်ချိန်မှာ  သူတို့ အလုပ်ဆင်းရတဲ့
ပထွေးနှိပ်စက်လို့ ပါဆိုတာလေးတွေ
မြို့ မှာ ရဖို့ မလွယ်တဲ့ ထန်းရည်စစ်စစ်လို
တောမှာ ရဖို့ မလွယ်တဲ့ အပန်းဖြေစစ်စစ်တွေပေါ့
မမိုက်ဘူးလား
မိုက်တာတော့ ပြောမနေနဲ့ 
အဖော်မပါရင် မသွားရဲဘူး
ပြဲနေတဲ့ ဘောင်းဘီနဲ့ 
ရွဲနေတဲ့ မျက်လုံးနဲ့ 
တနေကုန်လက်ဘက်ရည်ဆိုင်ထိုင်ပြီး
ညောင်းလို့  အနှိပ်ခန်းသွားတဲ့သူနဲ့ 
ခြေဆန့် လက်ဆန့်  ကလပ်တတ်သူနဲ့ 
အိမ်စောစောပြန်တယ်ဆိုတာ
ပဲပြုတ်သည်မလာခင်ကိုပြောတာ
တောင်းထဲက ပဲပြုတ်တွေလို
ပေါများလှတဲ့ သင်တန်းတွေ
စကားပြောလား သွားသင်လိုက်
စာရင်းကိုင်လား သွားသင်လိုက်
ကွန်ပျုတာ ၊ အင်တာနက် သွားသင်လိုက်
ပန်းအလှပြင်တာလား သွားသင်လိုက်
လူအလှပြင်တာလား သွားသင်လိုက်
ကားမောင်းစက်ပြင် သွားသင်လိုက်
သီချင်းဆိုမလား သရုပ်ဆောင်မလား
သွားသင်လိုက်
သွားသင်လိုက်ပါ တတ်ထားတော့ကောင်းတာပေါ့
ပျက်တာတွေပဲ လျှောက်ပြောတော့ ဖောင်းတာပေါ့
မော်လမြိုင် အစား၊ မန္တလေးစကား
ရန်ကုန် အကြွားတဲ့
ကြွားစရာဆိုလို့  ဘုရားရွှေတိဂုံ
တောင်မှ ကလုန်းပွားခံထားရတော့
ရင်ကော့ပြောလိုက်ပေါ့
အကြောင်းကြားစာ
လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းများအားလုံး ကိုအကြောင်းကြားပါတယ်...ကျွန်တော့် ဘလော့ဂ်လိပ်စာ
အလုပ်နည်းနည်း ရှုပ်နေလို့ မရောက်ဖြစ်တာကိုလည်းတောင်းပန်ပါတယ်...ပျော်ရွှင်သော ၀ါကျွတ်ကာလ
ဖြစ်ကြပါစေ....
တံတားထိုးထား/ကျိုးသွားတဲ့နေ့ တွေ
အရပ်သုံးဘာသာစကားဖြင့်  မျက်ရည်   (            ) စီစီ ထုထည်ကို ဖော်ပြခြင်းငှာ မစွမ်းသာသောကြောင့်  မစွမ်းသာသော  ဖော်ပြခြင်းအဖြစ် ထုထည် (        ) စီစီ ရှိ မျက်ရည်ဖြင့်  အရပ်သုံးဘာသာစကားတွင်  ၀င်ရောက်နေထိုင်ရင်း ၊ နေရင်း ၊ ထိုင်ရင်း  ဘေးတိုက်ကျလာတဲ့နေ့ တွေ အကြောင်း/ကြောင့်
ဘေးထိုင် ဘုပြောခြင်း/ခံရခြင်း နှင့်အတူ  အားစိုက်ထုတ်မှုချွေးစက်တွေကို  ယပ်ခပ်ပေးနေရတာ/ ရလို့  နေသာထိုင်သာ  သော်လည်း  လစ်တမတ်စက္ကူလို  အရောင်ပြောင်းသီအိုရီ မရှိလို့   ကိုအမည်မဲ့ရဲ့  ကဗျာတစ်ပုဒ်လို  ဘာလိုလို  ညာလိုလို  လိုလိုနေတဲ့ ဆင်ခြေဖုန်းဆန်လာတဲ့  လူ အဖြစ်နဲ့  ဒီနေ့ ပေါ်ထိုင်
ကြည့်တော့  မနက်ဖြန်ဆိုတာလည်း   မနေ့ ကနဲ့ တူသလိုလို  ဆိုပေမဲ့  ပစ်ဖဲတိုင်းဟာ ပိုဖဲ  မဟုတ်ဘူးဆိုတော့  တာဝန်ဝတ္တရားလို ၊ အာသီသလို ၊ လက်ခေါက်မှုတ်သံလို   လိုအပ်ချက်များကို  ဖြည့်စွက်ရန်    သင်၏ အိမ်မက်များကို  ကျွန်ုပ် ၏ အတွေး ဖြင့် သားဖေါက်ရန် လို/ မလို
ဂျွန်လ၏ မိုးရေစက်များ
ဒီတစ်အုပ်ကတော့ ဖတ်ရတာ ပိုအဆင်ပြေပါလိမ့်မယ်...။ ကျွန်တော် ပြုလုပ်ထားတဲ့ .pdf မဟုတ်လို့ ပါပဲ။
ကျွန်တော်ဒေါင်းလုပ်ဆွဲထားတာ ကို ပြန်မျှဝေပေးတာပါ..။ ၁၉၇၀ နောက်ပိုင်း ခေတ်ပေါ်ကဗျာကို စတင်
တဲ့ငယ်လက်ရာပဲ  ဖြစ်ပါတယ်....။ ကျွန်တော်တို့ လို ကဗျာကို နှစ်သက်သူတွေ အတွက်တော့ သဘောကျ
စရာပေါ့ဗျာ..။ကူးယူဖို့ နေရာတော့ ဒီမှာ   ပါခင်ဗျား ....
ဇေယျာလင်း (၂၀၀၇ ) ကဗျာစာအုပ်
ဒီတစ်ခါမှာတော့ ကျွန်တော် သူငယ်ချင်းများကို ဆရာဇေယျာလင်းရဲ့ ၂၀၀၇ ဆိုတဲ့ ကဗျာစာအုပ်လေး
ဖြန့် ဝေပေးချင်ပါတယ်...။  ဆရာဇေယျာလင်း ဟာ L P ကဗျာများကို အစဉ်တစိုက်ရေးဖွဲ့ နေသူလည်း
ဖြစ်ပါတယ်... ။ ဖတ်ရတာ အဆင်မပြေဖြစ်တယ်ဆိုရင်     ကျွန်တော် .pdf ဖိုင် ပြုလုပ်ခြင်းကို သိပ် မကျွမ်းကျင်တဲ့အတွက် တောင်းပန်ပါတယ်...။ မျှဝေချင်တဲ့ ဆန္ဒလေးနဲ့ သာ ဖြစ်အောင် ပြုလုပ်ရခြင်း
ဖြစ်ပါတယ်... ။ လိုအပ်တာလေးများကိုလည်းညွန်ပြပေးစေချင်ပါတယ်..။  ကျွန်တော့် ဆီမှာ ရှိတဲ့ တခြား
စာအုပ်များ ကိုလည်း ထပ်ပြီးတော့ မျှဝေပေးပါဦးမယ်...။
အမှာစာ
၂၀၀၇ ခုနှစ်မှာ ရေးခဲ့တဲ့ကဗျာတွေ တနှစ်တာ အတွက် စုစည်းခြင်းပဲဖြစ်ပါတယ်။
ကဗျာလမ်းကြောင်းကိုလည်း ပြန်စစ်လို့ ရအောင်ပါ။
ကဗျာအပေါ် အဓိက ထားရှိတဲ့ခင်မင်မှု ကိုလည်းကြောင်းလမ်းလိုက်တာ ဖြစ်ပါတယ်။
ဇေယျာလင်း
Image and video hosting by TinyPic
တစ်ခုခုကိုပြောလိုက်ဖို့  ပါးစပ်တပြင်ပြင်
မြင်နေရတဲ့ဟာက
အဖြူပေါ်မှာ အပြာကြောင်းများနဲ့ 
သူ့ ကိုယ်သူ ဗလာစာရွက်တဲ့
ဟုတ်တယ်.....
ဗြောင်လိမ်တာပ
ကော့ကော့ ကော့ကော့နဲ့ 
ဘောပင်က ဖြတ်ပြေး
စာလုံးလေးတွေထင်ကျန်ခဲ့တယ်
ဟောသည်လို
စကားလုံးတွေကို ခင်းကျင်းပြသထားမယ်
ခံစားချက်ကို ရိုးတိုးရိပ်တိတ် ဖွက်ထားမယ်
ထင်နေတယ်မဟုတ်လား
ကျွန်တော့်ဘောပင်မှာသုံးတဲ့အရာက
ကျွန်တော့်စက်ရုံကထုတ်လုပ်လိုက်တဲ့အရာပါ
ဟေ့ ....မင်းသုံးတာ မှင်ကွ၊ မှင်
မှင်၊ မှင်
မှင်သက်ပြီးကျန်ရစ်တယ်
အငိုက်မိသွားတယ်
အလစ်မှာချောင်းရိုက်တယ်
အားမတန်လို့ချောင်းရိုက်တာပေါ့
အားသန်ရင်မြစ်ရိုက်မှာပေါ့
ဒီလိုကိစ္စမျိုးရှိလား
တရုတ်ပြည်မှာ မြစ်ဖျားခံလားတဲ့
သံလွင်မြစ်
မထင်မရှားရှိတဲ့ စစ်တောင်းမြစ်
မြစ်ဖြစ်ရဲ့သားနဲ့  ပင်လယ်ဆ်ီမရောက်တဲ့
ချင်းတွင်းမြစ်
တနံတလျား စီးဆင်းသွားတဲ့ ဧရာဝတီမြစ်
ကြီးကျယ်ပုံက ကုန်းမြေတောင်သူ့ နာမည်နဲ့ 
တခမ်းတနား တေးဆိုစာဖွဲ့ ကြတဲ့
ဧရာဝတီလည်း
နည်းနည်းကျဉ်းတာနဲ့  တံတားထိုးခံရတာပဲ
ခင်ဗျားတို့ ရဲ့ဆည်တွေအတွက်
ချင်းတွင်းရဲ့ရေကို ပေးခဲ့တာပါတဲ့
ကျွန်တော် ဒီလိုထင်ပါတယ်
အထင်နဲ့ စွတ်မပြောနဲ့ ကွ
မင်းဟာ ပြဿနာ အကြောင်းကဗျာရေးပြီး
ပြဿနာရှာတဲ့ကောင်ပဲ
သူ့ ကိုမီးခွက် မပေးနဲ့ ဟေ့၊
မီးခွက်
ပွတ်လိုက်ရင် ဘီလူးထွက်လာတဲ့ဟာလား
ကျောက်ရုပ်လိုခေတ္တငြိမ်သက်
ကိုက်လာတဲ့ခြင်ကို လက်နဲ့ ယပ်
ဆေးလိပ်ဖွာ ၊ ကွမ်းဝါး
ဝါးပြီး အရည်တွေထွေးထုတ်
ပြီးရင် အဖတ်ပါထွေးထုတ်
အရည်မရ၊ အဖတ်မရ
အဖတ်လုပ်ပြီး အရေးမပေးရင်
အတွေးတွေ ဘယ်သူသိမလဲ....
Image and video hosting by TinyPic
ညနက်ထဲမှာ မိုးမချုပ်ကြသူများ
ဘယ်ပြက္ခဒိန်နဲ့ ပဲကြည့်ကြည့်
အသစ်၊ အဆန်းပြားနဲ့ 
အချစ်၊ အလွမ်းများသာ
သူတို့ ကိုးကွယ်ကြလိမ့်မယ်
လက်ဘက်ရည်ခွက်ထဲ
သူတို့ နာရီတွေကို ပစ်ထည့်ကြ၊
ဘီယာမြုပ်တွေပေါက်သလို
တဖြောင်းဖြောင်းနဲ့ ရီမောကြ၊
ဖုံးပြောတာညနက်ပေမဲ့
ဂတုံးဟောတာနားထက်ဆင်ကြတာပဲ
သူတို့ ဆံပင်တွေကောက်လိုက်၊ ဖြောင့်လိုက်
ဖြစ်တာကလွဲလို့ 
မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့ ကိုကြည့်င်္ပြီး
ပေါ့ပျက်ပျက်နဲ့ လို့ 
တရားမပြကြနဲ့ 
ခလုတ်တိုက်ရင် ခဲကိုဆဲမယ်၊
မပြောရဲရင်တောင် မျက်ဝန်းနက်ထောင့်ကပ်
မျက်စောင်းတစ်ချက်တော့ ၀င့်လိုက်မယ်၊
သူတို့ ခေတ်တုံးကကျ
ထမီကို သလုံးသားတ၀က်ဖော်ဝတ်ပြီးတော့
စိတ်ထဲဒီလို ငေါ့လိုက်မယ်
အပေါက်တွေဖောက်ပြီး နားကပ်ပန်ပေမဲ့
မနက်ဖြန်တွေဟာလန်ထွက်နေတာပဲ
သူတို့ မျက်မှန်ကိုယူတပ်ပြီး
ဆေးကြောပေးလိုက်ပါ
နေ၀င်ချိန်ဆိုတာလည်း တိမ်မတောက်တဲ့နေ့ ဆို
အရိပ်မည်းရှည်ကိုပဲ မြင်ကြမှာပဲ
လေထဲက ကွန်ဒိုကို
နာရီထဲမှာ ဖောင်ဒေးရှင်းချကြတာ
ရေခဲတုံးကို အရုပ်ထုတာထက်တော့သာပါတယ်။ ။
သုဏော်စိုင်း
အရုပ်ထင်သွားသောဆေးစက်များ
ကိုယ့်အကြောင်းကိုယ်
ကပေါက်ချာတွေး
ကဗျာတစ်ပုဒ်ရေးတယ်။
ခင်မင်မှုနဲ့  ချစ်ခြင်းကို
ခဏ ခဏ
ချော်လဲ ရောထိုင်လုပ်တယ်။
ဂဃနဏ မသိပဲနဲ့ 
ဂျောင်ထဲ သွားပြီး
ဂျင်ပေါက်တယ်။
ငါးပွက်ရာ ငါကိုယ်တိုင်
ငါးစာချ ခံ ရလို့ 
ငိုကြွေးရတယ်။
စာမေးပွဲခန်းထဲ
စိမ်ပြေနပြေ
စာခိုးချတယ်။
ဆုံးမတာကို နားမထောင်
ဆင်သေကို
ဆိတ်သားရေနဲ့ ဖုံးတယ်။
ဇိမ်ခံချင်လို့ 
ဇီးပင်အောက်မှာ
ဇယ်တောက်တယ်။
ဈေးသည်တစ်ယောက်ရဲ့ 
ဈာပန ကို
ဈေးဝယ်မိလို့  လိုက်ပို့ ရတယ်။
ညအခါ
ညောင်းလွန်းလို့ 
ညောင်ပင်အောက်မှာသွားထိုင်တယ်။
တနင်္ဂနွေ နေ့ မှာ
တိမ်တောက်တာကိုကြည့်ပြီး
တောင်တောင်အီအီ စဉ်းစားတယ်။
ထင်ပေါ်ချင်လို့ 
ထမင်းစားခါနီး
ထိုင် ထ လုပ်တယ်။
ဒုက္ခနဲ့ စာရင်းရှင်းဖို့ 
ဒီတစ်နေ့ လုံး
ဒါးသွေးတယ်။
ဓနိမိုး ထရံကာအိမ်ထဲ
ဓနိရည်သောက်ပြီး
ဓမ္မဒိဋ္ဌာန် ဖြေတယ်။
နေ့ ခင်းကြောင်တောင်
နံဘေးကကောင်ကို
နားရင်းအုပ်တယ်။
ပက်လက်လှန်ပြီး
ပိတ်ထားသမျှဖွင့်ထုတ်
ပေါက်တက်ကရတွေးတယ်။
ဖာတောင်းထဲ
ဖားတစ်ကောင်ထည့်
ဖင်ခုထိုင်တယ်။
ဗလကြီးအောင်
ဗမာ့နည်း ဗမာ့ဟန်နဲ့ 
ဗာဒံသီးထုစားတယ်။
ဘယ်သူ့ မှမခေါ်ပဲ
ဘုရားခန်းထဲ
ဘူကြီးပွတ်တယ်။
မျှော်လင့်ချက်များစွာနဲ့ 
မင်းအကြောင်းကို
မနက်အထိတွေးတယ်။
ယောက်ဖရှေ့ မှာ
ယင်ကောင်ကို
ယောင်းမနဲ့ ရိုက်တယ်။
ရန်ပွဲကို
ရဲမလာခင်ထိ
ရပ်ကြည့်တယ်။
လသာတဲ့ အချိန်
လှံတစ်ချောင်းကို
လှမ်းတွေ့ တယ်။
ဝက်တစ်ကောင်ကို
ဝ လာမလားလို့ 
ဝမ်းနှုတ်ဆေးတိုက်တယ်။
သူတစ်ပါးအကြောင်း
သိပ်မသိဘဲ
သောက်တင်းပြောတယ်။
ဟောင်းနွမ်းနေတဲ့
ဟာသတစ်ပုဒ်ကို
ဟင်းချက်စားတယ်။
အဆုံးထိဖတ်တဲ့ 
အသင့်အား
အားနာမိတယ်။
သုဏော်စိုင်း