အလွမ်းနဲ့  ခပ်ဆင်ဆင်




သတိရစိတ်ကို ဆွဲပြေးသွား
တယ်လီဖုန်းနံပါတ်များ အပြင်သွားတယ်
ခြေထိုးဖျက်ခံလိုက်ရတော့ ခေါင်းကျိုးသွားတယ်
မီးနဲ့ ဖွင့်ထုတ်လိုက်တဲ့ အခိုးအငွေ့ တွေကြားမှာ
တစ်ယောက်တည်း
ဗျာ၊ ဗျာ၊ ဗျာ၊
ဒိုင်းနမိုက်များကို မျိုချပြီး
ဒေါင်ထဲကွေ့ ဝင်သွားသည်။
လွင့်ပစ်လိုက်စမ်းပါ
အဲသည့်နာရီကိုလွင့်ပစ်လိုက်စမ်းပါ
ဘာပျောက်မှန်းလဲမသိဘူး
ဘယ်နားထားမိမှန်းလဲမသိဘူး
ကွမ်းသွေးကို အလွမ်းအဆွေးလို
ပျစ် ခနဲ ထွေးလိုက်
လွင့်ပစ်လိုက်စမ်းပါ
အဲသည့်နာရီကို လွင့်ပစ်လိုက်စမ်းပါ
ကိုယ်ဟာ အော်ကြီးဟစ်ကျယ်
ဆွံ့ အသူပါ သူငယ်ချင်း
မျက်လုံးတွေဟာ အစာရေစာတောင်းခံသလို
အမြှီးတယမ်းယမ်းနဲ့ 
ဆုံတွေ့ ချိန်မှာ ပံ့ပိုးပေးမဲ့ နောက်ခံတီးလုံးကို
ပြောင်းပစ်ဖို့ ဆိုတာ
မိုးတွေ ညို့ လာပြီ
နေပါစေတော့
အဲသည့်နာရီလေးကိုပဲ ပတ်ထားပါရစေတော့
ကျွန်တော့်ဆီကိုလာမလည်နဲ့ သိလား
လေဖြတ်သလိုပြောတဲ့ မန္တလေးသံ
အဲသည့်အသံလေးကိုပဲ
ပိုက်ဆံအိတ်ထဲက ထုတ်ထုတ်ကြည့်မိတယ်...။


သုဏော်စိုင်း