အဖြစ်ချင်ဆုံးဆန္ဒ






သိုင်းလောကမှာ လမ်းကိုပဲမေးကြတယ်
ခံစားချက်ကို မတွေးကြဘူး
မေးခွန်းက ရိုးရှင်းလွန်းတော့လည်း
အံ့သြရမှုမှာ အဆန်းတကြယ်
ဒါ့ကြောင့်မို့ ငါဟာ အဇာတသတ်ဖြစ်ခဲ့ရ
ဒါ့ကြောင့်မို့  ငါဟာ
သူခိုးကို သမက်ထင်တဲ့ ဖခင်လို
ငါ့ကဗျာလေး ငါးပါးမှောက်ခဲ့ရ
တဲထိုးတာအစ
တိုက်ဆောက်တာအလည်
တိုင်းပြည်တည်တာအဆုံး
ကိုယ့်အရိပ်နဲ့ ကိုယ် အုံးအုံးကျွက်ကျွက်ဖြစ်စေချင်တာပဲ
ဖလားမရလဲ ဥရောပ၀င်ခွင့်တစ်နေရာလောက်
ဆိုပေမဲ့
သုဏော်စိုင်းဆိုတဲ့နာမည်မှာ
တိုင်းချုပ်ထားသလို ချပ်ချပ်ရပ်ရပ် ရှိလွန်းတာကြောင့်
နတ်ဝင်သည်တွေပြောသလို
အရှင်ကြီးခြုံမှ လုံပါတယ်...။


သုဏော်စိုင်း