မှုန်ပြာရီညိုပတ်ပျိုး
အလင်းပွင့်ခက် ဖြာဖြာနဲ့ 
ရနံ့ တွေသာသာယာယာရှိခဲ့ပေမဲ့
နှင်းတွေ မလာသေးပါဘူး။
နတ်သမီးတပါးအပြုံးကြောင့်
သူ့ ခမျာ ခါးကုန်းနေရ ရှာတဲ့ သက်တံ့ကြီးရေ
ကျွန်တော့် အလွမ်းတွေထမ်းပိုးထားရရင် အားနာပါတယ်။
ခုလိုပေါ့
နေပြိုင်၊ လပြိုင် အချိန်မျိုးမှာ
လက်ဆစ်တွေကို တဖြောက်ဖြောက်ချိုး
သီချင်းတစ်ပုဒ်ကို ညှိးညှိးညည်းရင်း
ဝေးကွာခြင်းရဲ့ အပြုအမူကို
ရင်အုံထဲက ဆွဲထုတ်
ကဗျာတစ်ပုဒ်အဖြစ်အသက်သွင်း
သက်ပြင်းများကို ဖွဖွလျော့
လေ၀ဲ အနမ်းများကိုတော့ Pause လုပ်ထားတယ်ပေါ့။
ညတွေဟာ ကျွန်တော့်လိုမှောင်ပြီး
လတွေဟာ ကျွန်တော့်ကို နင်းသွား
ခင်ဗျားစကိုက်ခဲ့တဲ့ အသီးဟာ
ဒီလို အရသာမျိုးလား   အာဒံ
ထားပါဗျာ
ခင်ဗျားလွမ်းဖူးမှာ မဟုတ်ပါဘူး
ဒီမှာတော့
စိတ်ကူးနောက်ကို အရူးလိုလိုက်လို့ 
မီးကိုလှမ်းခေါ်ပြီး အခိုးအငွေ့ တွေကြားကို တိုးလို့ 
ဘာကိုမှ အာရုံစူးစိုက်လို့ မရတော့ဘူး။
အသွင်အပြင်ဆန်းနဲ့ လူလွတ်တပိုင်းအတွက်
မုတ်သုန်လေရဲ့ ဆုတ်ခွာချက်က
နူးညံ့ပက်စက်လွန်းပြီး
သံယောဇဉ်မှန်စာတပ်
ပန်းနုရောင် စွန်တစ်ချပ်ဟာ
လေတိုက်လိုက် ပါသွားလိုက်။
တံခါးတွေက ငါ့ ကိုခေါက်တော့
အရိပ်တွေကို ကြောက်လာတယ်
နောက်ကျနေပါပြီ ၊ ကျော်လွန်နေပါပြီ
မလျှော်ဖြစ်ခဲ့တဲ့ အ၀တ်တွေကြောင့်
သွေးကြောထင်ယှက်
နုထွေးတဲ့ ပါးပြင်ထက်သို့ 
ကျွန်တော်ဘယ်လိုလှော်ခတ်ရမလဲ
ချာတိတ်တစ်ယောက်စာ ပင့်သက်တဖိုနဲ့ 
ဘယ်ဘက်ရင်အုံ လင်းချိုဖို့ 
တယောတလက်က ထမ်းပိုးထားမဲ့
ဂီတသံထဲမှာပဲ
ကျွန်တော့်ကို ညီမျှခြင်းချပေးပါ
ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရထက်
ဒီရက်တွေ ပို မဝေးတော့ပါဘူး။         ။
သုဏော်စိုင်း